လူငယ်နှင့်ကိုးကွယ်မှု by : http://lightofdhamma.22web မှကူးယူဖော်ပြသည်
လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊
ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။
သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော
နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊
ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက
မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော
မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏
ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ
ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့
ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။
ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး
များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော
အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။
လူငယ်တို့၏ စိတ်သဏ္ဍာန်မှာ စူးစမ်းလိုသောစိတ်
အမြဲကိန်းအောင်းနေတတ်ကြပါသည်။ စူးစမ်းသည်ဆိုရာဝယ် ကောင်းသည့်အရာများ
ရှိသလို မကောင်းသောအရာ၌လည်း စူးစမ်းတတ်ကြပေသည်။ ဆိုလိုရင်းမှာ
လူငယ်အများစုသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော်၏ အခြေခံအနှစ်သာရများကို
စူးစမ်းလေ့လာရာတွင် အားနည်းနေတတ်ကြခြင်းပင်ဖြစ်သည်။ ငယ်စဉ်က မိဘ
ဆရာသမားများ၏ သွန်သင်ဆုံးမမှုမှတစ်ပါး တဆင့်တက်၍ လေ့လာကြိုးစားမှုမှာ
အားနည်းနေကြပေသေးသည်။ တတ်သိနားလည်သော အနာဂတ်အတွက် လူငယ်များလည်း ရှိပါသည်။
သို့သော် ပမာဏအားမှာ နည်းနေသေးသည်ဟု တွက်ဆနိုင်ပါသည်။ အနာဂတ်အတွက်
ဗုဒ္ဓသာသနာတော် သန့်ရှင်းတည့်တံ့ပြန့်ပွားရန်မှာ လူငယ်တိုင်းမှာ
တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ရန်
အလွန်အရေးကြီးလှပါသည်။ အဖွဲ့အစည်းငယ်မှစ၍ နိုင်ငံတ၀န်း တိုးတက်ရေး၏ အဓိက
အခြေခံအုတ်မြစ်မှာ သီလတရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။
ယနေ့ခေတ် လူငယ်တို့သည် သောက်စားမူးရစ်ခြင်း ကာမဂုဏ်ပျော်ပါးခြင်းအမှုတို့ကို
လူငယ်ဘ၀၏ အနှစ်သာရများဟု မှတ်ယူခြင်း သည်
မြတ်စွာဘုရားရှင်၏တရားတော်များနှင့် လုံးလုံးလျားလျား
ဆန့်ကျင်လျက်ရှိနေသည်။ ထေရ၀ါဒ မြန်မာနိုင်ငံတွင် နေထိုင်လျက် ဘုရားရှင်၏
အဆုံးအမများအတိုင်း ကျင့်ကြံမနေထိုင်ခြင်းသည်
ဆိုးဝါးသောမြင်ကွင်းတစ်ရပ်ဖြစ်ပါသည်။ မိန်းခလေးများမှာလည်း
ဗေဒင်ကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်းအမှုတို့၌ ၀ါသနာထုံလျက် တစ်ချို့မှာ
မူးရစ်စေသော အရာများကိုပင် သောက်စားပျော်ပါးခြင်းမှာ
ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ထို့ပြင် ဘာသာခြားများနှင့် အကြောင်းအမျိုးမျိုး
ဖြင့်ဖြစ်စေ ချစ်ကျွမ်းဝင်ရာမှဖြစ်စေ မိမိပါ ဘာသာခြားဖြစ်ရခြင်းမှာ
ရင်နာစရာအကောင်းဆုံးသော ဖြစ်ရပ်များပင်ဖြစ်သည်။ မနာလိုခြင်းမဟုတ်ပါ။
ရခဲလှသော လူ့ဘ၀တွင်မှ ရခဲလှသော သာသနာတော်တွင် ကြုံကြိုက်ပါလျက်
ဤသို့ဖြစ်ရခြင်းကို နှမျောမိခြင်းသာဖြစ်ပါသည်။ ရှေးသူတော်ကောင်းတို့
ဆိုထားခဲ့သော ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေချင်သော်လည်း
ယနေ့ခေတ်အများစုမှာ ကွင်းလုံးချွတ်လိုက်ကြသည်ဟုဆိုလျှင် လွန်ဖွယ်ရာမရှိပေ။
လူငယ်တိုင်းတွင် အစွမ်းအဆများ ရှိကြစမြဲဖြစ်ပါသည်။ အသုံးမချတတ်၍
အသုံးမကျခြင်းသာဖြစ်သည်။ ထိုသို့ဆိုလျှင် မိမိကိုယ်မိမိ တန်ဖိုးရှိအောင်
ဘယ်လိုနေမလဲ သေချာပြန်စဉ်းစာကြည့်မည်ဆိုလျှင် အဝေးကြီးမဟုတ်ပါ။
သီလတရားကိုသာ ကြိုးစားပြီး ဆောက်တည်ကြည့်လိုက်ပါ။ သီလတရား၊ တစ်နည်း
ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို တတ်နိုင်သလောက် စောင့်ထိန်း ကြည့်ပါ။
မိမိကိုယ်ကိုယ်မိမိ တန်ဖိုးထားတတ်လာမည်မှာ မလွဲဧကန်ပါ။ သူတစ်ပါးကို
ကြည့်ညိုတာထက် ကိုယ်ကိုကိုယ်ပြန်ကြည်ညိုတတ်ဖို့က ပိုပြီးအရေးကြီးပါသည်။
ကိုယ်ကိုကိုယ်မကြည်ညိုတတ်လျှင် အပါယ်ပါကျရောက် နိုင်ပါသည်။ မိဘသည်
ဗုဒ္ဓဘာသာဖြစ်၍ ဗုဒ္ဓဘာသာဖြစ်ရခြင်းမှာ ဆန်းသည်မဟုတ်သော်လည်း
ပြန်လည်သုံးသပ်လျှင် ထူးသည့်ကုသိုလ်ကံကြောင့်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်
ဆိုသော် လူတစ်သိန်းကွယ်လွန်၍ လူပြည်သို့ တစ်ယောက် ပြန်ရောက်နိုင်ရန်
ခဲယဉ်းလှပါသည်။ လေးဘုံပယ်ရွာမှ အကုသိုလ်အကြွေးများကို များစွာဆပ်လျက်
တစ်ဖန်လူ့ဘ၀သို့ ပြန်ရရခြင်းဖြစ်ပါသည်။ လူ့ဘ၀ရသော်ငြားသော်လည်း
သာသနာတော်နှင့်ကြုံကြိုက်ရန်မှာ သာ၍ခက်ခဲသောကြောင့် ဖြစ်ပါသည်။ ယနေ့ ဤသို့
အကျိုးတရားတွေ ဖြစ်လာရခြင်းမှာ အကြောင်းတရားတော့ ရှိရစမမြဲပါ။
ဗုဒ္ဓဘာသာဖြစ်လျက် သီလပျက်ယွင်းမှုများ ဖြစ်ရခြင်းမှာ ဗုဒ္ဓတရားတော်များကို
အခြေခံကျကျ နားမလည်၍ပင်ဖြစ်ပါသည်။ လက်ဦးဆရာဆိုသည့်အတိုင်း မိဘများသည်
အခြေခံကျကျ နားမလည်၍ ဖြစ်နိုင်သလို အပေါင်းအသင်းမှားယွင်းမှုများ
ကြောင့်လည်း ဖြစ်နိုင်ပါသည်။ လူငယ်ဖြစ်သော်ငြားလည်း
လူငယ်ဂုဏ်ပုဒ်နှင့်လည်းမညီ ကိုးကွယ်မှုမှာလည်း ထေရ၀ါဒ
ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါလျက် အခြေခံသီလတရားကိုသော်ဖြင့် နားမလည်၊
နားလည်သော်လည်း မလိုက်နာလျှင် အနာဂတ်၏ အသီးအပွင့်မဖြစ်ခင် ပိုးစား၍
ကြွေကျခြင်းပင်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ
အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏
ကျရှုံးခြင်းပင်ဖြစ်သည်။ ထေရ၀ါဒ ကိုးကွယ်မှုဖြစ်လျက်
ဘုရားရှင်၏ရည်ရွယ်ချက်ကဘာလဲ၊ လူဖြစ်လာရသည့် အကြောင်းကဘာလဲ၊
ထေရ၀ါဒဆိုတာဘာလဲ၊ ဘာကြောင့်ကိုးကွယ်တာလဲ၊ သရဏဂုံဘာကြောင့် ဆောက်တည်ရသလဲ၊
ဘုရား၊ တရား၊ သံဃာဆိုတာဘာလဲ၊ ဆွမ်းကပ်၊ ပန်းကပ်မှအစ အခြေခံကျကျကို
ကိုယ်ကိုယ်တိုင်မေး၍ ကိုယ်ကိုယ်တိုင်ဖြေကြည့်စေချင်သည်။ တတ်သိနားလည်ထား
လျှင်လည်း နားလည်သည့်အတိုင်းကျင့်လျှင် သာသနာတော်ပြန့်ပွားသလို
တိုင်းပြည်အေးချမ်းမည်မှာ မလွဲဧကန်ပါ။ ထေရ၀ါဒကို လေ့လာလျှင်
ခိုင်မြဲသောဝါဒ၊ ရှင်မဟာကဿပ အရှင်မြတ်တို့အစရှိသော ရဟန္တာအရှင်မြတ်တို့၏
အယူအဆ(ဓမ္မ)၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နှင့် ခိုင်မြဲသော ၀ါဒကို
ထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်သည်။ သရဏဂုံဆောက်တည်ရာမှာလည်း ဗုဒ္ဓံ
မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍၊ ကိလေသာဘေး၊ အပါယ်ဘေး၊
စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းတတ်သည်ဖြစ်၍ ဂစ္ဆာမိ
ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဆိုတာကို သိနေသင့်ပါသည်။ လူငယ်ဆိုသည့်အတိုင်း
ဤသို့ အရာရာကို ဝေဖန်ပိုင်းခြားနေရမည်။ ဒါမှလည်း ဘုရားရှင်
အဆုံးအမနှင့်ကိုက်ညီပေမည်။ မိဘများ အိမ်မှာ ရိုးရာဆိုပြီး
နတ်တွေကိုးကွယ်နေကြသည်။ ဒါတကယ်လား၊ ဒဏ္ဍာရီဆန်ဆန်လား၊ သမိုင်းကြောင်းလား
လူငယ်များကိုယ်တိုင် စုံစမ်းကြည့်သင့်ပါသည်။ ကိုယ်ကိုယ်တိုင်
စမ်းစစ်ကြည့်သင့်ပါသည်။ ရိုးရာနတ်များကို ကိုးကွယ်၍ ကိလေသာဘေး၊ အပါယ်ဘေး၊
စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းနိုင်သလား၊
သမိုင်းအထောက်ထား ခိုင်လုံမှုရှိသလား၊ လူတွေ အကြောက်တရား ကြောင့်
ကိုးကွယ်နေကြတာလား၊ လာဘ်လိုချင်လို့ကိုးကွယ်နေကြတာလား၊ ဘုရားရှင်
အဆုံးအမနှင့် ကိုက်ညီသလား စသဖြင့် ဝေဖန်ပိုင်းခြားကြည့်လျှင် အဖြေမှာ
ရိုးရှင်းစွာ ပေါ်ထွက်လာပါလိမ့်မည်။ ဗေဒင်ဆိုသောအရာသည်လည်း တကယ်
အားကိုးရာအစစ်ဟုတ်သလား၊ ယတြာချေတော့ရော ကိုယ်ဖြစ်ချင်လို ဖြစ်နိုင်ပါ့မလား
စသဖြင့် လူငယ်ပီပီ တက်တက်ကြွကြွ ဟုတ်၏ မဟုတ်၏ စုံစမ်းကြည့်စေချင်ပါသည်။
မေးခွန်းပေါင်းများစွာ၊ သိချင်သောအရာများစွာ ပေါ်ထွက်လာပါလိမ့်မည်။
မေးခွန်းများပေါ်လာလျှင် တတ်သိနားလည်နိုင်သော ဆရာသမားများကို မေးမြန်း၊
ဆွေးနွေးစေချင်ပါသည်။ မရှက်ကြောက်သင့်ပါ။ စကားပြောဆိုရာတွင် ပြေရဲမေးရဲ
ဖြစ်နေသင့်ပါသည်။ ရင်ထဲမှာ သံသယတွေ ရှင်းလင်းလာပါလိမ့်မည်။
ကိုယ်ရှင်းသွားရင် ကိုယ်ရှင်းသလို ကိုယ့်သူငယ်ချင်း
ညီအစ်ကိုမောင်နှမများကို ပြောပြတိုင်ပင်ကြည့်လိုက်လျှင် အတွေးအသစ်များပင်
ထပ်မံရရှိလာနိုင်ပါသည်။ အတွေးခေါ်သစ်များနှင့် တရားဆောင်းပါး၊ တရားစာပေ၊
တရားတော်များ နာကြားပြီး ပြန်လည်တိုက်ဆိုင် လေ့လာကြည့်ပါက
ပို၍ရှင်းလင်းပါလိမ့်မည်။ ရင်တွင်းမှာ အမှားများစွာဟာ တဖြည်းဖြည်းနဲ့
ပပျောက်သွားလိမ့်မည်။ ဗုဒ္ဓဘာသာ အခြေခံကျကျ နားလည်ပြီဟု မိမိကိုယ်ကိုယ်
ယုံကြည်လာလျှင် သီလတရားလုံခြုံစေလျက် ဒါနအမှုတို့ကို လူငယ်များပီပီ
ဆက်လက်ဝေဖန် လေ့လာနေရမည်။ ဒါနဆိုရာတွင်လည်း ပါရမီထိုက်သော ဒါနဖြစ်အောင်
ဘယ်လိုပြုမလဲစဉ်းစားသင့်ပါသည်။ ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်။ ၂။
သူတစ်ပါးအကျိုးကို ငဲ့ရမယ်။ ၃။ မိမိအကျိုးကို မငဲ့ရဘူး ဆိုတဲ့
ဒီအချက်သုံးချက်နဲ့ ကိုက်မှသာ ပါရမီထိုက်သော ဒါနဖြစ်မှာပါ။
ထင်ရှားကျော်ကြားလိုသော စိတ်ဖြင့် ပြုသောဒါန၊ လောကီကောင်းကျိုးများကို
လိုလားတဲ့စိတ်နှင့် ပြုသောဒါနဆိုရင်တော့ ပါရမီထိုက်သော
ဒါနမဖြစ်နိုင်တော့ပါ။ မဖြစ်နိုင်လျှင် အကျိုးပေးသည်လည်း ကုသိုလ်ရသည်
မှန်သော်လည်း စင်ကြယ်သောဒါန မဖြစ်နိုင်တော့ပေ။ ထပ်ပြီးလေ့လာကြည့်လျှင်လည်း
ဒါနပြုသည်ဆိုသည်မှာလည်း မိမိမှာ ဘ၀များစွာက ထုံလာခဲ့သော လောဘကိလေသာကို
လျော့အောင် ပါးအောင် စွန့်လွှတ်လှူဒါန်းလိုက်တာပါ။ ၀ိပဿနာဉာဏ်မြင်နိုင်ရင်
မြင်နိုင်သလောက် ဒါနမှသည် နိဗ္ဗာန်ဆီကို တဖြည်းဖြည်း လျှောက်လှမ်းနိုင်မည်
ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကံကံ၏အကျိုး၊ အကြောင်းအကျိုးဆက်နွယ်မှု စသဖြင့်
အဆင့်ဆင့်တက်လှမ်းလေ့လာလျှင် လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပြီဟုပင်
ဆိုနိုင်ပါသည်။ ထိုမှသာလျှင် ကိုးကွယ်မှု အစစ်မှန်နှင့်
လူငယ်အင်္ဂါထပ်တူညီမျှပါမည်။ လူငယ်တို့သည် ပင်ကိုယ်အစွမ်းသတ္တိပြည့်ဝကြပြီး
ဖြူစင်မှုကို အခြေခံကြပါသည်။ မိဘများ နားမလည်၍သော် လည်းကောင်း၊
ပတ်ဝန်းကျင်သော်ကြောင့်လည်းကောင်း၊ စီပွားရေး အခက်အခဲများကြောင့်
လည်းကောင်း ကိုးကွယ်မှု မမှားစေလိုခြင်းသည် ရင်တွင်းအစစ်အမှန်ဖြစ်ပါသည်။
မှားလျှင်လည်း ချက်ခြင်းပြင်ဆင်လိုက်လျှင် ဘ၀အောင်မြင်မှု၏ အစဖြစ်ပါသည်။
ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို အခြေခံကျကျ သိစေချင်ပါသည်။
အခြေခံကျကျသိခဲ့လျှင် မည်သို့သော အကြောင်းကြောင့်ဖြစ်စေ ကိုးကွယ်မှု
မှားယွင်းမှု မရှိနိုင်ချေ။ သို့သော် အသိကို ကျင့်မှ မှားယွင်းမှု
မရှိနိုင်မည်မှာ သေချာလှပါသည်။ ထိုမှတစ်ဆင့် အနာဂတ်၏ လူငယ်ကောင်းများ
ဖြစ်လာနိုင်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်တွင် ကိုယ့်အလှည့်၊
ကိုယ့်တာဝန်၊ ကိုယ့်ပုခုံးပေါ်သို့ နိုင်ငံတော်၏တာဝန်၊ သာသနာတော်၏တာဝန်
ကျရောက်လာမည်မှာ ဧကန်ပင်ဖြစ်သလို၊ ကိုယ်တိုင်မိဘနေရာလည်း
ရောက်လာပါလိမ့်မည်။ ထို့နေ့သည် မိမိ၏ နောင်တရသောနေ့ မဖြစ်ရန်မှာ
အရေးကြီးဆုံးဖြစ်သည်။ ဗုဒ္ဓ၏ တရားတော်များမှာ လောကီ၊ လောကုတ်နှစ်လီသော
အကျိုးကိုဖြစ်စေတတ်သည်ဆိုသည်မှာ မှန်ပေသည်။ လူဘ၀ရလာခိုက်တွင်မှ
ဗုဒ္ဓ၏တရားတော်များဖြင့် လောကီ၊ လောကုတ်၌ အကျိုးရှိအောင်
အသုံးမချတတ်လျှင်ဖြင့် အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်မှာ
မိမိသာဖြစ်ပါ တော့မည်။ ထို့ကြောင့် မိမိသည် ကိုးကွယ်မှု
အစစ်မှန်ရရှိထားပါလျက် လက်ဝယ်တွင် ပတ္တမြားရှိသူသည် ပတ္တမြား၏
တန်ဖိုးနားမလည်ကဲ့သို့ မဖြစ်ရန် အရေးကြီးလှပါသည်။ လူငယ်၏တာဝန်ကို
ကျေပွန်လျက် ကိုးကွယ်မှုအစစ်အမှန်ကို တတ်သိနားလည်ကာ နိုင်ငံတော်အကျိုး၊
သာသနာအတော်အကျိုး သယ်ပိုးနိုင်သော သားကောင်းရတနာ သမီးကောင်း
ရတနာများဖြစ်ကြပါစေ။
ဓမ္မအလင်းရောင်






0 comments:
Post a Comment